Chapter 1:

Ribbon 1

Ribbon 1


ဖြတ်လမ်းဆီသို့ ……

ရှေ့တည့်တည့်မှာ ဆိုင်းဘုတ်ရှိနေသည်မို့ လမ်းညွှန်ထားသည့်အတိုင်း ကျွန်မလိုက်သွားသည်။ လမ်းက ကျဉ်းလွန်းသည်။ အဟုတ်ပြောရလျှင် လမ်းဟုပင် ခေါ်၍ မသင့်။ သာမန်ထယ်ကြောင်း အရွယ် မြေကြောနှင့် ပိုတူသည်။ ကျွန်မ လှံကို ဆက်သုံးလို့ အဆင်မပြေတော့။ ကျွန်မ ပျံချင်လျှင် အတင်းဆက်ပျံလို့ ရပါသည်။ သို့ရာတွင် တစ်တာပင် မကျယ်တကျယ် လမ်းလေးထဲမှာ ဘယ်ညာချိုးကာ ခဏခဏ ပြန်မလှည့်ချင်ပါ။

ရွေးစရာတခြားမရှိသဖြင့် လမ်းနှင့် မတူသော ထိုလမ်းအတိုင်း မြက်ပင်များကို နင်းကာ ကျွန်မလျှောက်လိုက်သည်။ မြက်ပင်များမှာ နံနက်ခင်း ဆီးနှင်းများစိုထန်းနေသောကြောင့် ခြေလှမ်းလိုက်တိုင်း ရေစက်ရေပေါက်များ ပက်လာသည်။ ကျွန်မ၀တ်ရုံအနားကွပ်သည်ပင် အတော်အတန်စိုရွဲနေလေပြီ။

ရိုးရိုး ခြေကျင်လျှောက်သူတွေအတွက် ဖြတ်လမ်းဆိုပေမယ့်၊ လှံပျံစီးနေကျ ကျွန်မလို လူအတွက်တော့ လမ်းအရှည်ကြီးပေါ့ရှင်၊ ထွဋ်ထော…။

အခု ရောက်မယ့် နယ်က ဘယ်လိုနယ်ပယ်မျိုးဖြစ်မလဲမသိ။

လက်ရှိတွင် လမ်းမခင်းထားသောကြောင့် ကုန်သွယ်ရေး စည်ကားသည့်ပုံမပေါ်။

ကောက်ချက်ချရရင် ဒီတောလိုပဲ သိပ်မတိုးတက်တဲ့ နယ်ပေါ့လေ။

ဒါလည်း ကျွန်မ မှန်းဆချက်သက်သက်ဖြစ်သည်။

ဟမ်…..ချက်ခြင်းကြီး ရှေ့နယ်ကို ဆက်သွားချင်စိတ် ပျောက်သွားပြီ။ နောက်ပြန်လှည့်လိုက်ရမလားပဲ။ အဲ…. စ တာပါလေ။

အချိန်အတန်ကြာအောင် ဆက်လျှောက်သွားလိုက်သည်။ ခေါင်းထဲမှာ တစ်ချိန်လုံး ညည်းညူဝေဖန်လျက် နေရာတကာ စိမ်းစိမ်းမှိုင်းမှိုင်းသာ တွေ့နေရသော ငြီးငွေ့ဖွယ် တောအုပ်ရှုခင်းဝယ် နောက်ဆုံးတော့ အပြောင်းအလဲတစ်ခု ပေါ်လာလေသည်။

သစ်ပင်ခပ်ကြီးကြီး တစ်ပင် လှဲကျသွားသည်။ သက်တမ်းအားဖြင့် နှစ်ရာချီပုံရသည်။ မြေခနေသည့် သစ်ပင်မှာ တစ်ပင်တည်းမဟုတ်။ လေးပင်၊ငါးပင်စသည်ဖြင့် အစည်းအတွဲလိုက်လှဲနေလေသည်။ သစ်ပင်လှဲနေသောကြောင့် လမ်းပိတ်သွားသည်ကိုတော့ စာမဖွဲ့နိုင်တော့ပေ။

သို့သော်လည်း ရှေ့ဆက်၍ ရပါသေးသည်။ လှဲနေသော သစ်ပင်များ၏ပင်စည်ပေါ်ကိုတက် လိုက်ပြီး ကြိုးတန်းလျှောက်နေရသကဲ့သို့ လက်နှစ်ဖက်ကို ဆန့်တန်းကာ ဖြတ်လျှောက်လိုက်သည်။ ထိုစဉ် သစ်တော၏ အရိပ်တို့အောက်၌ အနက်ရောင် သဏ္ဍာန်တစ်ခုကို တွေ့မြင်လိုက်ရလေသည်။ ဝက်၀ံလား ဘာလားမသိ။

​ဩော်....လူပဲကိုး

အကြောများက လှိုင်းထသကဲ့သို့ ရှိနေပြီး ဆူဖြိုးလှသော ကြွက်သားပိုင်ရှင် လူကြီးတစ်ယောက် ဖြစ်သည်။ အရပ်အမောင်းက ထွားကျိုင်းလှသဖြင့် ကျွန်ုပ်မှာ ခပ်လန့်လန့်။

“ ဒီသစ်ပင်တွေအကုန်လုံးကို ငါ့လက်နှစ်ဖက်နဲ့ ကိုယ်တိုင်တွန်းချလိုက်တာလေ။ ဘယ်လိုလဲ… မိုက်တယ်မလား။”

ထိုလူကြီးက ပြောရင်းဆိုရင်းကိုယ်ဟန်ပြကာ သူ့ ကြွက်သားများကို ထုတ်ကြွားပြနေသည်။ ရှေးယခင် ကတည်းက အဒ္ဓစိုး၊ ကျေးဇူးခံ စသော လူအမြောက်အမြားလည်း လက်ရုံးဗလအားဖြင့် သစ်ပင်များကို လှဲချနိုင်လေသည်။ သို့သော် ကျွန်မ သူ့ကိုမပြောဘဲ စိတ်ထဲမြိုသိပ်ထားလိုက်သည်။

“ဦးလေးက ရှေ့နယ်သားလားမသိဘူး”

သူက ကိုယ်ဟန်နောက်တစ်မျိုးပြရင်း “အေးကွ၊ ငါ ရှေ့နယ်က လာတာ။ မင်းဘယ်လိုသိတာလဲ၊ ငါ့ကြွက်သားတွေကို ကြည့်ပြီးပြောတာလား။”

“ ဟင်..ဘာကြီးတုန်း၊၊ ဦးလေးတို့ နယ်သားတွေက အကုန်ဗလကြီးတွေလား” ကျွန်မနောက်ပြန်လှည့်ခဲ့သင့်ပုံပဲ။

“ မ..မဟုတ်ပါဘူးကွာ၊ အကုန် ငပိန်ညှောင် ငဖောင်ရိုးတွေချည်းပါပဲ”

“ ဒါဆို ဦးလေးက ဘာကို ပြောချင်တာတုန်း”

“ ထားလိုက်တော့။ ဒီကြွက်သားတွေကို တစ်ချက်ကြည့်ပါဦး”

ဒီလူကြီးနဲ့တော့ လိုရာခရီးပေါက်မယ်မထင်။ ထို့ကြောင့် သူ့ကို လိုက်လျောကြည့်လိုက်သည်။

“ အို…မိုက်လိုက်တဲ့ ကြွက်သားကြီးတွေပဲ၊ ထိကြည့်လို့ ရလား”

“ ရတယ်၊ လုပ်သာလုပ်။”

သူက ပြောရင်းဆိုရင်း လက်မောင်းတစ်ဖက်ကို ဆုပ်ကာ ကျွန်မဘက် ထုတ်ပေးသည်။ ကျွန်မလည်း ဘယ်လိုဘယ်ပုံ ကိုင်ကြည့်ရမယ်မှန်း မသိတတ်သောကြောင့် လက်ညှိုးနှင့် တို့စမ်းကြည့်လိုက်သည်။

“ ၀ေါင်း…အံ့သြစရာကြီး။”

ကြွက်သားများက ကျောက်တုံးကြီးအလား ခိုင်မာတုတ်ကျစ်နေလေသည်။

“........”

“ ဟင်၊ ဦးလေးမျက်နှာ ဘာလို့ရဲနေတာတုန်း”

“....တောင်းပန်ပါတယ်ကွာ၊ ဦးရဲ့ ညီမလေးက လွဲလို့ တခြားမိန်းကလေးတစ်ယောက်က ကိုယ့်ကို လာထိတာ ဒါပထမဆုံးလေ။ အဲဒါကြောင့်ပါ….”

အဲဒီ အတိုင်းဆို ရှင့်ညီမက ရှင့်လက်မောင်းကို ထိတာကျ အဆင်ပြေတာပေါ့။ သိပြီ…သိပြီ။ တကယ်ပါပဲ… မဟုတ်ကဟုတ်က ဆင်ခြေကြီးလာပေးနေတယ်၊ လဲသေလိုက်တော့။

ကျွန်မခေါင်းထဲမှ ထိုအမှောင်အတွေးများကို ခါထုတ်ပစ်လိုက်ပြီးနောက် “ ဒါနဲ့ ဦးလေးက ဒီ တောထဲ မှာ ဘာလာလုပ်နေတာလဲ၊ ထင်းခုတ်ထွက်လာတာလား”

“ ဟင့်အင်း၊ အခု ကာယလေ့ကျင့်နေတာလေ။”

ထို့နောက် သူက သူ့ဇာတ်ကြောင်းကို ပြန်ပြောပြလေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က သူ့ ညီမလေးကို လူစိမ်းတစ်အုပ်က ပြန်ပေးဆွဲသွားခဲ့သည်။ ထိုစဥ်က သူကိုယ်တိုင် ရှိမနေခဲ့သောကြောင့် သူ့ ညီမကို ချက်ခြင်း ပြန်မကယ်တင်နိုင်ခဲ့။

မျက်မြင်သက်သေများ၏ အဆိုအရ သူ့ ညီမကို ဖမ်းသွားသူများမှာ အားကောင်းမောင်းသန် လူထွားလူသန်ကြီးတစ်သိုက်ဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် လူဆိုးများကို ယှဥ်ချနိုင်ရန်အတွက် ဆိုကာ ဤတောထဲ ကာယလေ့ကျင့်ရေးလာဆင်းပြီး သစ်ပင်များကို တစ်ပင်ချင်းလှဲချနေခဲ့လေသည်။

…..ထို့ပြင် အခါအခိုက်ကြုံကြိုက်၍ အချိန်ပိုင်း သစ်ခုတ်သမားအလုပ်ပါ ယူခဲ့ကြောင်းသိရသည်။

“...ဒါဆို ဦးက ငွေရဖို့အတွက်ပဲ သစ်ပင်တွေ ထိုင်ခုတ်နေတာပေါ့လေ။”

“ ဘာတွေလာပြောနေတာလဲ၊ ငွေရဖို့က အဓိကမဟုတ်ဘူး၊ ငါ့ကြွက်သားအားကောင်းဖို့ လိုတာ…. ဒီထက် အများကြီးပိုအားကောင်းဖို့လိုတာကွ။”

သူက အသက်ရှူသံကြီးနှင့် ပြန်ဖြေသည်။ နည်းနည်းတော့ ထူးဆန်းနေသည်။

“ ဒါပေမဲ့ နဂိုပန်းတိုင်က ဦးလေးရဲ့ ညီမကို ကယ်ဖို့မဟုတ်ဘူးလား”

“ အဲဒါကိုက အနှေးနဲ့ အမြန်လုပ်မှာပါကွ၊ လောလောဆယ် ဟိုလူသန်ကြီးတွေကို ယှဥ်ချဖို့ အားမရှိ သေးဘူး။”

ဟင်… ရှင့်အားက တောင်ကိုတောင်ဖြိုလို့ရပြီလေ။ ခု ထပြီး ကိုယ့်ညီမကို သွားကယ်ပါတော့လား။

….ကျွန်မသာ ထိုစကားကို ထုတ်ပြောလိုက်မိလျှင် လှဲနေတဲ့ သစ်ပင်တွေလိုပဲ ဇာတ်သိမ်းသွား လောက်သည်။ ထို့ကြောင့် ခေါင်းပဲ ညိတ်ညိတ်ပြလိုက်သည်။

သူက ဆက်ပြောသည်။ “ လက်ရှိ ငါ့ရဲ့ ပထမပန်းတိုင်က ဒီတောရဲ့ တောဘုရင်ဖြစ်တဲ့ ၀က်၀ံကြီးကို နပန်းလုံးချနိုင်ဖို့ပဲ”

“ ၀က်၀ံ… ဟုတ်စ”

“ ဟုတ်တယ်၊ ကြောက်စရာလည်း အကောင်းသား။ ၀က်၀ံက သူ့လက်တစ်ဖက်တည်းနဲ့ ရေထဲက ငါးကို ပုတ်ဖမ်းနိုင်တယ်။ ငါက အဲ့လောက်ထိကို မကျွမ်းသေးဘူကွ။”

“ အင်း..အင်း”

“ ပြီးတော့ ဒီ တောနက်ကြီးထဲမှာ ပုဆိန်သာဒွန်းဆိုတဲ့ လူကြီးတစ်ယောက်နေတယ်တဲ့။ ငါ အဲ့ လူနဲ့ လည်းယှဥ်ချရဦးမယ်။ အဲ့ သာဒွန်းက ၀က်၀ံကြီးကို အလဲသိပ်ခဲ့တယ်လို့ ကြားတယ်၊ အတော်ရှိန်ဖို့ ကောင်းတဲ့ လူပဲ။”

“အင်း…အင်း”

၀က်၀ံကြီးသာ ပုဆိန်ကောင်ကို ရှုံးသွားပြီဆိုရင် သူ့ကို တောဘုရင်ဆိုပြီး ဆက်ခေါ်စရာအကြောင်း မရှိတော့ဘူးမဟုတ်လား။

ထို့နောက် သူက သူ့အစီအစဥ်တွေကို တစ်နာရီလောက်ကြာအောင် ထိုင်ပြောပြနေခဲ့သည်။ သို့သော် သူ့ ညီမအကြောင်းတော့ တစ်ခွန်းတစ်ခါမျှပင်သူ့ နှုတ်ဖျားထဲမှ မထွက်လာတော့။ သူ့ ညီမကို တကယ်ရော ကယ်ဦးမည်လားဟု တွေးစရာပင်။ ကာယလေ့ကျင့်လွန်းပြီး ကြွက်သားများဆီကို သွေးသားထိုးထည့်ပေးနေရသောကြောင့် သူ့ ဦးနှောက် သွေးအလုံအလောက်မရတော့သည်များလား။ သူ့နဂိုပန်းတိုင်ကို သူလုံး၀မျက်ခြေပြတ်သွားလေပြီ။ နောက်ဆုံးတွင် သူ့ ညီမကို ကယ်တင်ရမည့်ကိစ္စမှာ သူ့အတွက် တဖြည်းဖြည်းနှင့် အရေးမပါသလိုဖြစ်လာခဲ့သည်။

သူ ဒီအလုပ်တွေကို စလုပ်ခဲ့ရတဲ့အကြောင်းရင်းကို ဘယ်အချိန်မှ ပြန်သတိရမှာလဲမသိဘူး။

ထားလိုက်ပါတော့လေ၊ သူ့ဇာတ်လမ်းက ကျွန်မနဲ့ ဘာမှမှ မဆိုင်တာ။

——————— A Ribbon End———————

Bubbles
icon-reaction-1

Ribbon 1


Churuminn
Author: